သမီးနဲ့သားကိုပြောလိုက်ပါ
**********************
၁။
အဖေဆိုတာ
ငွေရှာတာတစ်ခုထဲလို့
သမီး သားတို့မယူဆဖို့
အမေတို့ကသွန်သင်
အမှန်ကိုမြင်အောင်ပြ
ဆုံးမပါ......မေ။
၂။
အဖေဆိုတာ
အဖေ့၀မ်းတစ်ထွာအရေး
သမီး သားတို့ထွေးချ
စားသောက်လို့ ၀ မှ
ကျန်သမျှလေးနဲ့
၀မ်း၀ သွားခဲ့တာ
တစ်နေ့ပြောပြပါ......မေ။
၃။
အဖေဆိုတာ
သမီးသားတို့ ဘ၀အလယ်မှာ
၀ံကြွားစွာဂုဏ်တင့်တယ်လို့
ခန့်ငြားဖို့ကိုလဲ
အ၀တ်အစား မဆင်းရဲအောင်
အလိုလိုက်အကြိုက်ဆောင်
ခေတ်နဲ့ညီအောင်ထားတာ
ပြောပြပါ.......မေ။
၄။
အဖေဆိုတာ
သူများတစ်ကာနဲ့ယှဉ်
ထာ၀စဉ်သာ စံပြ
သမီး နဲ့ သားသာရပါစေ
နောက်ဆုံးအခြေအနေထိ
လိုအပ်တာဖြည့်ဆည်း
ဘယ်တော့မှမငြီးတတ်တာ
ပြောပြပါ........မေ။
၅။
အဖေဆိုတာ
မတရားတာမလိုချင်
သတိ အသိနဲ့ယှဉ်လို့
သမီး သားတို့ကိုပြုပြင်
အမှန်ကိုမြင်အောင်ပြ
ဆုံးမတတ်တာ
ချစ်လို့ဆိုတာ
ပြောပြပါ.......မေ။
၆။
အဖေဆိုတာ
နေမကောင်း မကျန်းမာ
ကိုယ်လက်မအီမသာဖြစ်တုန်း
သမီး သားတို့ပြုံးပြ
အဲ့ဒီ အပြုံးတစ်စနဲ့
ပီတိကိုမျိုချ
အားတက်ခဲ့ရတာ
ပြောပြပါ......မေ။
၇။
အဖေဆိုတာ
ဘ၀ရဲ့လျောက်လမ်း
ဖြောင့်တန်းဖို့ရာ
သမီး သားတို့မှာ
အမှားတစ်ချို့တွေ့တဲ့အခါပေါ့
ငေါက်ငမ်းဆူဆဲတတ်တာ
ဂရုဏာဒေါသဆိုတာ
ပြောပြပါ......မေ။
၈။
အဖေဆိုတာ
သမီး သားတို့နောင်ရေး
စိတ်အေးရပြီဆိုရင်ပဲ
ဒီသံသရာထဲမှာ
မျှော်လင့်ချက်ဗလာနဲ့
ရှင်သန်နေလျှက်ပါ
အဒါ သံသရာစမ်းရေ
အမြဲစီးဆင်းနေမှာ
ပြောဖြစ်အောင်ပြောလိုက်ပါ မေ
ဒါကြောင့်
အဖေဆိုတာ
ငွေရှာတာသက်သက်လို့
အမြင်စေချင်ရက်တာ
ဆက်ဆက်ပြောလိုက်ပါမေ။
ခံစားမှု့စာစု
အောင်ဇော်ဌေး
17,2,2013. 09:34am
No comments:
Post a Comment